Monday, January 11, 2010

ဝန်ကြီးဋ္ဌာန ကစားသမားများ ပြန်ရန် မလိုတော့ဟု သတင်းများ ထွက်ပေါ်

ဝန်ကြီးဋ္ဌာန များသို့ ပြန်ရန် စာရင်းပေး ထားသော ကစားသမား များသည် ပြန်ရန် မလိုတော့ဘဲ လက်ရှိ အသင်း များတွင်သာ ဆက်လက် ကစားခွင့်ပြု ရဖွယ် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိနေသည်။

မြန်မာ နေရှင်နယ်လိဂ်မှ ၀န်ထမ်း ကစားသမား များသည် လာမည့် မတ်လ အတွင်းတွင် ၎င်းတို့၏ ၀န်ကြီးဋ္ဌာန များသို့ ပြန်မည် မပြန်မည်ကို အကြောင်းကြားရန် ဘောလုံး အဖွဲ့ချုပ်မှ ညွှန်ကြား ထားသည်။ ထို့ကြောင့် အသင်း ၈ သင်းမှ ကစားသမား စုစုပေါင်း ၃၂ ဦးနှင့် နည်းပြ ၃ ဦး တို့သည် ၎င်းတို့၏ ၀န်ကြီးဋ္ဌာန များသို့ ပြန်မည်ဟု စာရင်းပေး ထားကြသည်။ ၎င်းတို့ထဲတွင် ရတနာပုံနှင့် မကွေး အသင်းတို့မှ ကစားသမား ၈ ဦးစီ ၀န်ကြီးဋ္ဌာနသို့ ပြန်မည် ဖြစ်သောကြောင့် ကစားသမား အများဆုံး ဆုံးရှုံးရသည့် အသင်းများ ဖြစ်လာခဲ့သည်။ သို့သော် ရတနာပုံ အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးဇော်လေးအောင်က ကမ္ဘောဇ အသင်းကို အနိုင်ရခဲ့သည့် ပွဲအပြီးတွင် ကစားသမားများ ၀န်ကြီးဋ္ဌာနသို့ ပြန်ရန် မလိုတော့ဟု စာထွက်နေကြောင်း ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။

“လောလောဆယ်မှာ ကစားသမားတွေ ၀န်ကြီးဋ္ဌာန ပြန်ဖို့ မလိုတော့ဘူးလို့ သတင်းတွေ ထွက်နေ ပါတယ်။ ဘောလုံး အဖွဲ့ချုပ် ဘက်က နောက်ထပ် စာတစ်စောင် ထပ်ထုတ်တယ်လို့ ကြားရတယ်။ ဟုတ်မဟုတ်တော့ မသိသေး ပါဘူး။ တကယ်လို့ ဒီသတင်း မမှန်ဘဲ တကယ် ပြန်ရမယ် ဆိုရင်လည်း ကျွန်တော်တို့ အရန်အသင်းက ကစားသမား လေးတွေ ရှိနေပါသေးတယ်။ သူတို့က အသင်းကြီး အတွက် အဆင်သင့် ဖြစ်နေပါပြီ”ဟု ဦးဇော်လေးအောင်က ပြောကြား ခဲ့သည်။

သို့သော် ယင်းသတင်းနှင့် ပတ်သတ်၍ ဘောလုံး အဖွဲ့ချုပ်၏ မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးက ယင်းသတင်းကို အတည်မပြု နိုင်သေးကြောင်း၊ မိမိတို့ ဘက်မှ မည်သည့် စာမျှ ထုတ်မပေး ထားကြောင်း ရှင်းလင်း ပြောကြား သွားခဲ့သည် ကိုလည်း တွေ့ရသည်။ မီဒီယာ သမား တစ်ချို့ကမူ အဆိုပါ သတင်းသည် ရတနာပုံ ကစားသမားများ ကမ္ဘောဇနှင့် ပွဲ၌ စိတ်ဓာတ် တက်ကြွစေရန် မြှင့်တင် ပေးသည့် အနေဖြင့် လွှင့်လိုက်သည့် သတင်း ဖြစ်ဖွယ် ရှိနေသည် ဟုလည်း သုံးသပ် နေကြသည်။

0 comments:

Post a Comment