မြန်မာ နိုင်ငံ၏ ပရို အမှတ်ပေး ပြိုင်ပွဲ သက်တမ်း တစ်လျှောက် ပထမဆုံး အမှတ်ပေး ချန်ပီယံ အဖြစ် ရတနာပုံ အသင်း မှတ်တမ်း ရေးထိုး နိုင်ခဲ့ပြီ

ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်းတွင် ကစားခဲ့သည့် ဒယ်လ်တာ ယူနိုက်တက်နှင့် ဥဿာ ယူနိုက်တက်တို့ ပွဲစဉ် အပြီးတွင် အမှတ်ပေး ဇယား ဦးဆောင်သူ ရတနာပုံ အသင်း အနေဖြင့် တစ်ပွဲ ကျန် အနေအထား တွင်ပင် အမှတ်ပေး ချန်ပီယံ ဖြစ်ခွင့် ရခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းပွဲစဉ်တွင် ဒယ်လ်တာ တို့ အနေဖြင့် ဥဿာ အသင်းအား ဂိုးပြတ် အနိုင်ရရန် လိုအပ်ခဲ့ သော်လည်း လက်တွေ့တွင်မူ ၁ဂိုး ဂိုးမရှိဖြင့် မထင်မှတ်ဘဲ ရှုံးပွဲ ကြုံတွေ့ခဲ့သည်။ ထို့ကြောင့် ရတနာပုံ အသင်း အနေဖြင့် နောက်ဆုံး ကျန်ရှိသည့် ရန်ကုန် ယူနိုက်တက်နှင့် ပွဲစဉ်တွင် ရှုံးပွဲ ကြုံတွေ့သည့်တိုင် အမှတ်ပေး ချန်ပီယံ ဖြစ်ရန် သေချာခဲ့ပြီ ဖြစ်ပြီး ပရို ဘောလုံး လောကသို့ ကူးပြောင်းပြီး နောက်ပိုင်း ဒုတိယမြောက် ဖလားအား ဆက်တိုက် အောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရတနာပုံ အသင်းသည် ပြီးခဲ့သည့် MNL Cup ၂၀၀၉ ပြိုင်ပွဲတွင်လည်း ရန်ကုန် အသင်းအား ဗိုလ်လုပွဲတွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ဗိုလ်စွဲခဲ့သည့် အသင်းဖြစ်သည်။

Read More

ဒုတိယ ရခဲ့သည့် အတွက် ကစားသမား များကို ကျေးဇူးတင်ကြောင်း ဒယ်လ်တာ နည်းပြချုပ်ဆို

ဒယ်လ်တာ ယူနိုက်တက် အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးဆန်းဝင်းက ၎င်းတို့ အသင်းသည် မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲတွင် ဒုတိယ ရခဲ့သဖြင့် ကစားသမား များကို ကျေးဇူး တင်ကြောင်း ပြောကြား သွားခဲ့သည်။

“ဒီပြိုင်ပွဲမှာ ဒုတိယ ရခဲ့တဲ့ အတွက် ကစားသမား အားလုံးကို ကျေးဇူးတင် စကား ပြောကြား ချင်ပါတယ်။ ကျွန်တော်တို့ အသင်းဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲ တုန်းက နောက်ဆုံးနေရာ အဆင့်(၈)ပဲ ရခဲ့တယ်။ ဒီပြိုင်ပွဲ မှာတော့ အဆင့် (၂) ရခဲ့တယ်။ နောက်လာမယ့် ပြိုင်ပွဲ တွေမှာ အဆင့်(၁) ရဖို့ ကြိုးပမ်း သွားပါမယ်။ အသင်းမှာ လိုအပ်တဲ့ နိုင်ငံခြားသား ကစားသမား တွေကို စာချုပ် သက်တမ်းတိုးပြီး မလိုအပ်တဲ့ ကစားသမား တွေကိုတော့ ပြန်လွှတ်လိုက် ပါမယ်။ ဒီလကုန်မှာ အသင်းနဲ့ ပတ်သတ်ပြီး ဆက်လက် လုပ်ဆောင်ဖို့ အစီအစဉ် တွေကို အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ် သွားပါမယ်”ဟု ဦးဆန်းဝင်းက ဥဿာ အသင်းအား ရှုံးနိမ့် ခဲ့သည့် ပွဲအပြီးတွင် ပြောကြား ခဲ့သည်။

ဒယ်လ်တာ အသင်းသည် ယင်းပွဲစဉ်တွင် ဥဿာအား (၁-၀)ဂိုးဖြင့် ရှုံးနိမ့် ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ အသင်းသည် ယင်းပွဲ မကစားခင်က ထိပ်ဆုံးမှ ရတနာပုံ အသင်းကို သုံးမှတ် အကွာဖြင့် ဖိအား ပေးနိုင်နေပြီး ချန်ပီယံ မျှော်လင့်ချက် ရှိနေသေး သော်လည်း ယခု အရှုံးကြောင့် ရတနာပုံ အသင်းသည် အလိုအလျှောက် ချန်ပီယံ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ဒယ်လ်တာ အသင်းမှာမူ ဒုတိယ နေရာဖြင့်သာ ကျေနပ် ခဲ့ရသည်။ ၎င်းတို့သည် ပြီးခဲ့သည့် MNL Cup ပြိုင်ပွဲတွင် အဆင့်(၈)သာ ရခဲ့သည့် အသင်း ဖြစ်သောကြောင့် ယခုကဲ့သို့ ဒုတိယ ရခဲ့ခြင်းကို ကျေနပ်ကြောင်း ဦးဆန်းဝင်းက ဆိုခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ဥဿာ အသင်းနှင့် ပွဲစဉ်အပေါ် တွင်လည်း ဦးဆန်းဝင်းက “ဒီပွဲမှာ ကျွန်တော်တို့ ဂိုးပြတ်ဖို့ထက် အနိုင်ရဖို့ပဲ ကြိုးစား ခဲ့တာပါ။ ဒီနေ့ပွဲမှာ အသင်း ကစားတာ မကောင်းပါဘူး။ တစ်ဘက် အသင်း ကတော့ ခံစစ်ကို အဓိက ဦးစားပေး ကစားခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းဟာ မလိုအပ်ဘဲ တိုက်စစ်ကို အလွန်အကျွံ ဖွင့်ခဲ့လို့ တန်ပြန် တိုက်စစ်နဲ့ ဂိုးတွေ ပေးခဲ့ ရတာပါ။ ဒီပွဲမှာ အားလုံး မှားယွင်း ခဲ့ကြပါတယ်။ ကစားသမား တွေရော နည်းပြတွေပါ အပါအ၀င် ပေါ့။ ဥဿာ ကတော့ တစ်သင်းလုံး အရမ်းကောင်း ပါတယ်။ ဂိုးသမား တစ်ယောက်တည်း ကောင်းခဲ့တာ မဟုတ်ပါဘူး”ဟု ပြောကြား သွားခဲ့သည်။

Read More

အဒီဘာယော မန်စီးတီးအတွက် ပြန်ကစားရန် မသေချာ

မန်စီးတီး တိုက်စစ်မှူး အဒီဘာယော အနေဖြင့် လက်ရှိတွင် အသင်း အတွက် ပြန်ကစားရန် မသေချာကြောင်း သိရသည်။ အဆိုပါ တိုက်စစ်မှူးမှာ ပြီးခဲ့သည့် ရက်အနည်းငယ်က သူ၏ တိုဂိုအသင်းမှာ အာဖရိက နိုင်ငံများဖလား ပြိုင်ပွဲအတွက် အန်ဂိုလာသို့ အသွား လမ်းတွင် အကြမ်းဖက် တိုက်ခိုက် ခံရမှုနှင့် ပတ်သက်၍ ၀မ်းနည်းပူဆွေးကာ မိခင်နိုင်ငံသို့ ပြန်သွားပြီ ဖြစ်သည်။

အင်တာဗျူး တစ်ခုတွင် အဒီဘာယောက " ကျွန်တော် အခုချိန်မှာ အရမ်းကို ၀မ်းနည်းနေပါတယ်။ ကိုယ့်ရဲ့ နိုင်ငံ လက်ရွေးစင် အသင်း အခုလို တိုက်ခိုက် ခံရတာ မကောင်းပါဘူး။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မိတ်ဆွေတွေ၊ လက်ရွေးစင် အသင်းဖော်တွေ အချို့ဟာ ဒဏ်ရာရခဲ့ပါတယ်။ ဒီနေ့အထိ အဲဒီ အရိပ်ဆိုးကြီးဟာ ကျွန်တော့်ဦးနှောက်ထဲက မထွက်သေးတဲ့အပြင် အဲဒီစိတ်နဲ့ ကျွန်တော်လည်း စားမ၀င် အိပ်မပျော် ဖြစ်နေပါတယ်။ ကျွန်တော့်အနေနဲ့ အခုချိန်မှာတော့ မန်စီးတီးအတွက် ပြန်ကစားဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော့်ရဲ့ အခြေအနေတွေကို အသင်းနည်းပြ မန်ချီနီနဲ့ ကျန်တဲ့ အဖွဲ့ဝင်တွေ နားလည်ပေးမယ် ထင်ပါတယ်။ ကိုယ်တိုင် ထိခိုက်မိလို့ ရခဲ့တဲ့ ဒဏ်ရာဟာ ပျောက်ကင်းဖို့ လွယ်ပေမယ့် အခု ကျွန်တော့်ရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ၀မ်းနည်းမှုကို ချက်ချင်းတော့ ဖြေဖျောက်နိုင်မှာ မဟုတ်ပါဘူး " ဟု ပြောဆိုခဲ့သည်။

Read More

လက်စွမ်းပြခဲ့ကြသော နာပိုလီ ပရိသတ်များ

နာပိုလီ အသင်းသည် ကိုပါ အီတာလျံ ဖလားပွဲတွင် ဂျူဗင်တပ် အသင်းကို ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့မှုအပေါ် ပရိသတ်များက မကျေမနပ် ဖြစ်ကာ ဂျူဗင်တပ်ကွင်းမှ လုံခြုံရေး ၀န်ထမ်းများကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

နာပိုလီအသင်း ပရိသတ်များသည် ကွင်းအတွင်းရှိ လုံခြုံရေး ၀န်ထမ်းများနှင့် အချင်းများရာမှ ပွဲပြီးသောအခါ ၎င်းတို့က အဆိုပါ လုံခြုံရေး ၀န်ထမ်းများကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ ပစ်ပေါက်မှုကြောင့် လုံခြုံရေး ၀န်ထမ်း ၅ ဦး ဒဏ်ရာ ရရှိသွားသည်ဟု ယူရိုစပေါ့တ် သတင်းဌာနမှ ဖော်ပြခဲ့သည်။ ထို့အပြင် ကွင်းအတွင်းရှိ သန့်စင်ခန်းများလည်း ပျက်စီးနေကြောင်း တွေ့ရသည်ဟု အဆိုပါ သတင်းဌာနမှ ပြောဆိုခဲ့သည်။

ယင်းဖြစ်ရပ်အား ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးလျက်ရှိပြီး လူတစ်ဦးကိုလည်း ဖမ်းဆီးထားသည်။

Read More

စပိန်ဘုရင့်ဖလားကို ဘာစီလိုနာတို့ လက်လွှတ်ခဲ့ရပြီ

ဘာစီလိုနာအသင်းမှာ ယမန်နေ့က စပိန် ဘုရင့်ဖလား ကွာတား ဖိုင်နယ်အကြို ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဆီးဗီးလား အသင်းနှင့် အဝေးကွင်းတွင် ကစားခဲ့ရာ ၀း၁ ဖြင့် အနိုင်ရခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၂း၂ ဖြစ်ခဲ့၍ အဝေးဂိုး စည်းမျဉ်း အရ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်သည်။

ဘာစီလိုနာမှာ ပြီးခဲ့သည့် ရာသီက စပိန်ဘုရင့်ဖလား၊ လာလီဂါ ဖလား နှင့် ချန်ပီယံလိဂ် ဖလားတို့ကို ဆက်တိုက် ရယူနိုင် ခဲ့သော်လည်း ယခုရာသီတွင် လက်ရှိ ရယူထားသည့် စပိန် ဘုရင့်ဖလား ကို ယမန်နေ့ ပွဲရလဒ်အရ လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

ယမန်နေ့ပွဲတွင် ဘာစီလိုနာအတွက် တစ်လုံးတည်းသော ဂိုးကို ဒုတိယပိုင်း ၆၄ မိနစ်တွင် ဇာဗီက သွင်းယူ သွားခဲ့သည်။ ဘာစီလိုနာကို အလဲထိုး အနိုင်ယူခဲ့သည့် ဆီဗီးလားမှာ စပိန် ဘုရင့်ဖလားကို ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က နောက်ဆုံး ဗိုလ်စွဲထားသည့် အသင်းဖြစ်သည်။

Read More

ဝန်ကြီးဋ္ဌာန ကစားသမားများ ပြန်ရန် မလိုတော့ဟု သတင်းများ ထွက်ပေါ်

ဝန်ကြီးဋ္ဌာန များသို့ ပြန်ရန် စာရင်းပေး ထားသော ကစားသမား များသည် ပြန်ရန် မလိုတော့ဘဲ လက်ရှိ အသင်း များတွင်သာ ဆက်လက် ကစားခွင့်ပြု ရဖွယ် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိနေသည်။

မြန်မာ နေရှင်နယ်လိဂ်မှ ၀န်ထမ်း ကစားသမား များသည် လာမည့် မတ်လ အတွင်းတွင် ၎င်းတို့၏ ၀န်ကြီးဋ္ဌာန များသို့ ပြန်မည် မပြန်မည်ကို အကြောင်းကြားရန် ဘောလုံး အဖွဲ့ချုပ်မှ ညွှန်ကြား ထားသည်။ ထို့ကြောင့် အသင်း ၈ သင်းမှ ကစားသမား စုစုပေါင်း ၃၂ ဦးနှင့် နည်းပြ ၃ ဦး တို့သည် ၎င်းတို့၏ ၀န်ကြီးဋ္ဌာန များသို့ ပြန်မည်ဟု စာရင်းပေး ထားကြသည်။ ၎င်းတို့ထဲတွင် ရတနာပုံနှင့် မကွေး အသင်းတို့မှ ကစားသမား ၈ ဦးစီ ၀န်ကြီးဋ္ဌာနသို့ ပြန်မည် ဖြစ်သောကြောင့် ကစားသမား အများဆုံး ဆုံးရှုံးရသည့် အသင်းများ ဖြစ်လာခဲ့သည်။ သို့သော် ရတနာပုံ အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးဇော်လေးအောင်က ကမ္ဘောဇ အသင်းကို အနိုင်ရခဲ့သည့် ပွဲအပြီးတွင် ကစားသမားများ ၀န်ကြီးဋ္ဌာနသို့ ပြန်ရန် မလိုတော့ဟု စာထွက်နေကြောင်း ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။

“လောလောဆယ်မှာ ကစားသမားတွေ ၀န်ကြီးဋ္ဌာန ပြန်ဖို့ မလိုတော့ဘူးလို့ သတင်းတွေ ထွက်နေ ပါတယ်။ ဘောလုံး အဖွဲ့ချုပ် ဘက်က နောက်ထပ် စာတစ်စောင် ထပ်ထုတ်တယ်လို့ ကြားရတယ်။ ဟုတ်မဟုတ်တော့ မသိသေး ပါဘူး။ တကယ်လို့ ဒီသတင်း မမှန်ဘဲ တကယ် ပြန်ရမယ် ဆိုရင်လည်း ကျွန်တော်တို့ အရန်အသင်းက ကစားသမား လေးတွေ ရှိနေပါသေးတယ်။ သူတို့က အသင်းကြီး အတွက် အဆင်သင့် ဖြစ်နေပါပြီ”ဟု ဦးဇော်လေးအောင်က ပြောကြား ခဲ့သည်။

သို့သော် ယင်းသတင်းနှင့် ပတ်သတ်၍ ဘောလုံး အဖွဲ့ချုပ်၏ မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးက ယင်းသတင်းကို အတည်မပြု နိုင်သေးကြောင်း၊ မိမိတို့ ဘက်မှ မည်သည့် စာမျှ ထုတ်မပေး ထားကြောင်း ရှင်းလင်း ပြောကြား သွားခဲ့သည် ကိုလည်း တွေ့ရသည်။ မီဒီယာ သမား တစ်ချို့ကမူ အဆိုပါ သတင်းသည် ရတနာပုံ ကစားသမားများ ကမ္ဘောဇနှင့် ပွဲ၌ စိတ်ဓာတ် တက်ကြွစေရန် မြှင့်တင် ပေးသည့် အနေဖြင့် လွှင့်လိုက်သည့် သတင်း ဖြစ်ဖွယ် ရှိနေသည် ဟုလည်း သုံးသပ် နေကြသည်။

Read More

အဲဗာတန်ကို ဆုံးမခဲ့တဲ့ ဂန်းနားများ

ဒုတိယအကျော့မှာ သရေကျခဲ့ပေမယ့် ပထမအကျော့မှာ အဲလ်ဗာတန်ကို ဘယ်လိုဆုံးမ နှိပ်ကွပ်ခဲ့တယ် ဆိုတာလေး ....


Read More