Monday, January 11, 2010

ရိုဆစ်စကီးကြောင့် ကံကောင်းခဲ့သည့် အာဆင်နယ်

အာဆင်နယ် အသင်းမှာ ပြီးခဲ့သည့် စနေနေ့က အိမ်ကွင်း ပရီးမီးယားပွဲစဉ် အဖြစ် အဲဗာတန် အသင်းနှင့် ကစားခဲ့ရာ တစ်ဖက် ၂ ဂိုးစီ သရေ ကျခဲ့သည်။ ယင်းပွဲစဉ်တွင် အိမ်ရှင်အသင်းအတွက် ဂိုးများကို ပထမပိုင်း ၂၈ မိနစ်တွင် ဒီနယ်လ်ဆင်နှင့် ဒုတိယပိုင်း မိနစ် ၉၀ တွင် ရိုဆစ်စကီးတို့က သွင်းယူခဲ့ပြီး ဧည့်သည် အဲဗာတန်အတွက် ဂိုးများကို ပထမပိုင်း ၁၂ မိနစ်တွင် အော့စမန်နှင့် ဒုတိယပိုင်း ၈၁ မိနစ်တွင် ပီနီယာတို့က သွင်းယူသွားခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် အဲဗာတန်မှာ အာဆင်နယ်ကို ၆း၁ ဖြင့် အရေးနိမ့်ခဲ့သည့် ပထမ အကျော့ အိမ်ကွင်း ပွဲစဉ်ကကဲ့သို့ မဟုတ်တော့ပဲ ယခု အဝေးကွင်း၌ အကောင်းဆုံး တန်ပြန် တိုက်စစ် ဆင်မှုများဖြင့် ခြိမ်းခြောက်နိုင်ခဲ့သည်။ အာဆင်နယ်မှာ ယင်းပွဲစဉ်တွင် အဲဗာတန်မှ အော့စမန်၏ ဦးဆောင်ဂိုးကြောင့် နောက်မှ လိုက်ကစားခဲ့ရပြီး ဒီနယ်လ်ဆင်က အသင်းအတွက် ချေပဂိုး သွင်းယူ ခဲ့သော်လည်း ဧည့်သည် အသင်းမှ ပီနီယာ၏ ထပ်မံ သွင်းယူလိုက်သည့် ဂိုးကြောင့် အသည်းအသန်လိုက် ကစားခဲ့ရ ပြန်ရာ နောက်ဆုံးတွင် ၀ါရင့် ကွင်းလယ်လူ ရိုဆစ်စကီး၏ အရေးပါလှသည့် နောက်ကျဂိုးကြောင့် ကံကောင်းစွာဖြင့် အိမ်ကွင်း ရှုံးပွဲမတွေ့ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သည့် အဆိုပါ ပွဲစဉ်တွင် မကြာသေးခင်က LA ဂလက်ဇီအသင်းမှ အဲဗာတန်သို့ အငှား စာချုပ်ဖြင့် ရောက်လာခဲ့သည့် ဒိုနိုဗန်မှာ ဧည့်သည် အဲဗာတန် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသွားခဲ့သည်။ အာဆင်နယ် အသင်းမှာ ပရီးမီးယား အမှတ်ပေးဇယားတွင် ရမှတ် ၄၂ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး အဲဗာတန် အသင်းမှာ ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၁၂ နေရာတွင်ရှိနေသည်။

0 comments:

Post a Comment