Thursday, January 14, 2010

ဒုတိယ ရခဲ့သည့် အတွက် ကစားသမား များကို ကျေးဇူးတင်ကြောင်း ဒယ်လ်တာ နည်းပြချုပ်ဆို

ဒယ်လ်တာ ယူနိုက်တက် အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးဆန်းဝင်းက ၎င်းတို့ အသင်းသည် မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲတွင် ဒုတိယ ရခဲ့သဖြင့် ကစားသမား များကို ကျေးဇူး တင်ကြောင်း ပြောကြား သွားခဲ့သည်။

“ဒီပြိုင်ပွဲမှာ ဒုတိယ ရခဲ့တဲ့ အတွက် ကစားသမား အားလုံးကို ကျေးဇူးတင် စကား ပြောကြား ချင်ပါတယ်။ ကျွန်တော်တို့ အသင်းဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲ တုန်းက နောက်ဆုံးနေရာ အဆင့်(၈)ပဲ ရခဲ့တယ်။ ဒီပြိုင်ပွဲ မှာတော့ အဆင့် (၂) ရခဲ့တယ်။ နောက်လာမယ့် ပြိုင်ပွဲ တွေမှာ အဆင့်(၁) ရဖို့ ကြိုးပမ်း သွားပါမယ်။ အသင်းမှာ လိုအပ်တဲ့ နိုင်ငံခြားသား ကစားသမား တွေကို စာချုပ် သက်တမ်းတိုးပြီး မလိုအပ်တဲ့ ကစားသမား တွေကိုတော့ ပြန်လွှတ်လိုက် ပါမယ်။ ဒီလကုန်မှာ အသင်းနဲ့ ပတ်သတ်ပြီး ဆက်လက် လုပ်ဆောင်ဖို့ အစီအစဉ် တွေကို အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ် သွားပါမယ်”ဟု ဦးဆန်းဝင်းက ဥဿာ အသင်းအား ရှုံးနိမ့် ခဲ့သည့် ပွဲအပြီးတွင် ပြောကြား ခဲ့သည်။

ဒယ်လ်တာ အသင်းသည် ယင်းပွဲစဉ်တွင် ဥဿာအား (၁-၀)ဂိုးဖြင့် ရှုံးနိမ့် ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ အသင်းသည် ယင်းပွဲ မကစားခင်က ထိပ်ဆုံးမှ ရတနာပုံ အသင်းကို သုံးမှတ် အကွာဖြင့် ဖိအား ပေးနိုင်နေပြီး ချန်ပီယံ မျှော်လင့်ချက် ရှိနေသေး သော်လည်း ယခု အရှုံးကြောင့် ရတနာပုံ အသင်းသည် အလိုအလျှောက် ချန်ပီယံ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ဒယ်လ်တာ အသင်းမှာမူ ဒုတိယ နေရာဖြင့်သာ ကျေနပ် ခဲ့ရသည်။ ၎င်းတို့သည် ပြီးခဲ့သည့် MNL Cup ပြိုင်ပွဲတွင် အဆင့်(၈)သာ ရခဲ့သည့် အသင်း ဖြစ်သောကြောင့် ယခုကဲ့သို့ ဒုတိယ ရခဲ့ခြင်းကို ကျေနပ်ကြောင်း ဦးဆန်းဝင်းက ဆိုခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ဥဿာ အသင်းနှင့် ပွဲစဉ်အပေါ် တွင်လည်း ဦးဆန်းဝင်းက “ဒီပွဲမှာ ကျွန်တော်တို့ ဂိုးပြတ်ဖို့ထက် အနိုင်ရဖို့ပဲ ကြိုးစား ခဲ့တာပါ။ ဒီနေ့ပွဲမှာ အသင်း ကစားတာ မကောင်းပါဘူး။ တစ်ဘက် အသင်း ကတော့ ခံစစ်ကို အဓိက ဦးစားပေး ကစားခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းဟာ မလိုအပ်ဘဲ တိုက်စစ်ကို အလွန်အကျွံ ဖွင့်ခဲ့လို့ တန်ပြန် တိုက်စစ်နဲ့ ဂိုးတွေ ပေးခဲ့ ရတာပါ။ ဒီပွဲမှာ အားလုံး မှားယွင်း ခဲ့ကြပါတယ်။ ကစားသမား တွေရော နည်းပြတွေပါ အပါအ၀င် ပေါ့။ ဥဿာ ကတော့ တစ်သင်းလုံး အရမ်းကောင်း ပါတယ်။ ဂိုးသမား တစ်ယောက်တည်း ကောင်းခဲ့တာ မဟုတ်ပါဘူး”ဟု ပြောကြား သွားခဲ့သည်။

0 comments:

Post a Comment